International News

ကော်ဖီထုတ်လုပ်သူ Jacobs သည် ရုရှားဈေးကွက်ရှိ ရောင်းချမှုများကို ရပ်ဆိုင်းသွားမည်

Last Updated:

နာမည်ကြီး ကော်ဖီနှင့် လက်ဖက်ရည်အမှတ်တံဆိပ်များဖြစ်သော Jacobs, L'Or, Tassimo, Pickwick နှင့်အခြားအမှတ်တံဆိပ်များပိုင်ဆိုင်သည့် JDE Peet's ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်တွင် ရုရှားဈေးကွက်ရှိ ရောင်းချမှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် ဆုံးရှုံးမှုများကြောင့် ရုရှားဈေးကွက်ရှိ နိုင်ငံတကာထုတ်ကုန်အမှတ်တံဆိပ်များနေရာတွင် ပြည်တွင်းထုတ်ကုန်အမှတ်တံဆိပ်များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

JDE Peet's သည် ရုရှားဈေးကွက်မှ နိုင်ငံတကာအမှတ်တံဆိပ်များကို ရုပ်သိမ်းရန် လုပ်ဆောင်နေကြောင်း၊ ၂၀၂၂ ခုနှစ်၊ ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ ရုရှားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် တတ်နိုင်သမျှ အမှီအခိုကင်းစွာလည်ပတ်နိုင်စေရန် ကြိုးပမ်းနေကြောင်း ထုတ်လုပ်သူမှ မှတ်ချက်ပြု သည်။

JDE Peet's သည် အမေရိကန်-ဒတ်ခ်ျကော်ဖီနှင့်လက်ဖက်ရည်ကုမ္ပဏီတစ်ခုဖြစ်ပြီး နယ်သာလန်တွင် ရုံးချုပ်ဖွင့်လှစ်ထားသည်။ အခြားအနောက်တိုင်းကုမ္ပဏီအများအပြား ရုရှားနိုင်ငံမှ ထွက်ခွာသွားချိန်တွင် JDE Peet's သည် ရုရှားဈေးကွက်၌ ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်သည်။

ရုရှားနိုင်ငံရှိ ဒေသတွင်းကုန်အမှတ်တံဆိပ်များသို့ ကူးပြောင်းမှုအတွင်း မသေချာမှုများကြောင့် ကော်ဖီနှင့်လက်ဖက်ရည်ထုတ်လုပ်သူသည် ၎င်း၏အမြတ်အစွန်းများကို လျှော့ချခဲ့သည်။ အစီရင်ခံစာအရ ရုရှားဈေးကွက်တွင် ကုန်အမှတ်တံဆိပ်နာမည်ပြောင်းခြင်း၏ ရလဒ်ကြောင့် ကုမ္ပဏီသည် ယခုနှစ်ပထမနှစ်ဝက်တွင် ယူရို ၁၈၅ သန်းကျော်ဆုံးရှုံးခဲ့ရပြီး ဒုတိယနှစ်ဝက်တွင် ကုမ္ပဏီ၏အမြတ်ငွေသည် သိသိသာသာထပ်မံလျော့ကျသွားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။

ရုရှားရှိ JDE Peet's ၏ Jacobs အမှတ်တံဆိပ်ကော်ဖီကို Monarch သို့မဟုတ် Milicano အမှတ်တံဆိပ်များအောက်တွင် ဆက်လက်ရောင်းချရန် အစီအစဉ်ရှိကြောင်း အစောပိုင်းတွင် သတင်းထွက်ပေါ် ခဲ့သည်။

ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Fabien Simon က ရုရှားရှိ ကုမ္ပဏီများ၏ လုပ်ငန်းများတွင် ဝန်ထမ်း ၉၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိပြီး စိန့်ပီတာစဘတ်နှင့် Novosibirsk မြို့အနီးတွင် ထုတ်လပ်ရေးစက်ရုံများရှိကြောင်း၊ ၎င်းတို့၏ ရုရှားရှိ ဝန်ထမ်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဝန်ထမ်းများအပေါ် ကျင့်ဝတ်ဆိုင်ရာတာဝန်များရှိသည့်အတွက် ကုမ္ပဏီသည် ရုရှားနိုင်ငံမှ အပြီးတိုင်ထွက်ခွာရန်အစီအစဉ်မရှိကြောင်း ရင်းနှီးမြုပ်နှံသူများနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံရှိ ပျမ်းမျှနှစ်စဉ်ကော်ဖီသုံးသောက်မှုသည် တန်ချိန် ၁၈၀,၀၀၀ ဝန်းကျင်ရှိပြီး ဘရာဇီး၊ ဗီယက်နမ်၊ အိန္ဒိယစသည့်နိုင်ငံများမှ တင်သွင်းလျက်ရှိပါသည်။ ဘရာဇီးနှင့်ဗီယက်နမ်သည် ရုရှားနိုင်ငံ၏ အဓိကကော်ဖီသွင်းကုန်မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း တွေ့ရှိရပြီး ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ၎င်းနိုင်ငံအတွက် လိုအပ်လျက်ရှိသော သွင်းကုန်များကို အာရှနိုင်ငံများမှ ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသဖြင့် မြန်မာနိုင်ငံ၏ ကော်ဖီပို့ကုန်အတွက် အလားအလာရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source : https://tass.ru/ekonomika/18434299

https://www.gazeta.ru/business/news/2023/08/03/20998586.shtml?updated

https://ura.news/news/1052672491

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News